Wednesday, January 14, 2015

14-1-2015

မနက်ခင်းဟာ အိပ်ရေးမ၀ဘဲနိုးထလာခဲ့တယ်။အတွေးထဲမှာ စံချိန်တွေကိုရိုက်ချိုးလို့၊တကယ်ဘ၀မှာတော့ အလျင်မီအောင် မနည်းရုန်းလို့။ဒီလိုနဲ့ဘဲ နာရီတပတ်လည်ခဲ့ပေါ့။ဒီလိုနဲ့ဘဲ နေ၀င်ခဲ့ပြန်ပြီတော့ တရက်။
ဒီလိုနဲ့ဘဲ ကြီးခဲ့ပြန်ပြီပေါ့ တရက်။

ဒီနေ့မှာ အရင်နေ့တွေလိုဘဲ ကောင်ကင်ကြီးက ပြာလို့။အမည်မဖော်လိုတဲ့ ကောင်းမလေးကလည်း စိမ်းနေဆဲ့ပေါ့။ဒီလိုနဲ့ဘဲ အမှားတွေကို ပြင်ရင်း မှားပြန်ပြီးပေါ့။ဘ၀ဆိုတဲ့ တိုက်ပွဲကို ပ၀ါမကူ ရေမကူဘဲ ယှဉ်ပြိုင်နေလေရဲ့။မကြည့်ဖြစ်တဲ့ ပြည်တွင်းဖြစ် အပေါစား သရဲကားကိုကြည့်လို့။အပေါစားကားကိုစီး၊အပေါစား စကားတွေပြော၊အပေါစား အစားတွေ ၀ါးမျိုလို့ လူလည်း အပေါစားဆန်လို့။

Tuesday, January 13, 2015

ပေါက်တတ်ကရ

ဘာလိုလိုနဲ့ .....ကောင်ကင်ပြာပြာကြီး ကို မေ့လျော့နေခဲတာ..ရာစုနှစ်တွေတောင် အေးခဲသွားပြီဘဲ။
ကိုယ်ကိုကိုယ် မေးခွန်းတွေမေးနေခဲ့တယ်။မင်းဘာလုပ်နေလဲ။အဖြေက ထွက်မလာပါဘူး။တစ်ခါသေဘူးလည်းနားမလည်။ပိုးဗလံမျိုး မီးကို ဆက်တိုးနေလေရဲ့။
ဘ၀ကို ပြန်ကြည်တော့ ထန်းလျက် ခွေးစားသလို လုံးပါးပါးကုန်နေပါရောလား။ဘ၀ကို အညာလေရူးက ကြွေကျတဲ့ သစ်ရွက်ခြောက်လေးလို လွင့်ချင်လွင့်၊ ကြိုးပျက်သွားတဲ့ စွန်လေးတစ်ခုလိုပါဘဲလား။

ပျက်အဆင်ပြင်ခဏဆိုပေမဲ့ အိပ်ပေါက်နဲ့ ဖားကောက်ဖြစ်နေလေရဲ့။


Monday, January 12, 2015

ဘ၀...ဘဝ

ဘာလိုလိုနဲ့...စက္ကန့်ကိုမိနစ်က ၀ါးမျို နာရီကို မိနစ်ကရိုက်ချိုး...ရွက်ဝါတွေမြေမှာခလို့ ....ရာသီအလီလီတောင် ပြောင်းခဲ့ပြီပေါ့။အချိန်ဆိုတဲ့ ဇာတ်ကားကို နောက်ပြန်ရစ်ကြည့်တော့ သူဠေးဖြစ်သူနဲ့ ခွေးဖြစ်သူနဲ့။သူရဲ့ကောင်းဖြစ်သွားသူနဲ့ လမ်းဘေးရောက်သွားသူနဲ့။မင်းကရော်......။
ငါဆိုတဲ့ ဖြစ်တည်မှူကို မေ့လျော့နေတဲ့ ဘယ်လောက်တောင် ကြာသွားပြီ။ သူများယောင်တိုင်းလိုက်ယောင်...အမောင်တောင်မှန်းမြောက်မှန်းလည်းမသိ။

လုပ်လိုက်စမ်းပါ။ဘ၀ရထားကြီးကို လီဘာကုန်....မီးကုန်....မောင်းနှင်လိုက်စမ်းပါ။


Saturday, January 2, 2010

ပြဇတ်


စိတ်လက်ကြည်သာရှိတုန်း
ငါ့ကိုယ်ငါ ပြန်တွေးကြည့်လိုက်တယ်...
ငါဟာ... .. .
စစ်ပြီးစ မြို့ပျက်ကြီးတစ်ခုများလား... ... ..

ကော်ဖီက အေးစက်ပြစ်ခဲသွားခဲ့ပြီ...၊
ညဉ့်ကလည်း တော်တော်နက်နေပြီ..၊
မျှော်လင့်ခြင်းအလွန်လေးမှာ...
ရှိစုမဲ့စုလေးတွေ အကုန်လွတ်ကျခဲ့တယ်... ..။

မျှော်သူမရှိတဲ့ လမ်းလေးအတိုင်း..
လျှောက်ပြန်လာတော့
ဆောင်းဟာ နှိုးလို့မရသေးဘူး... ..။

ငါဟာ အလင်းလိုချင်သူပါ
အမှောင်ထဲမှာ
ဒီလောက်အကြာကြီး ရပ်နေဖို့မကောင်းဘူး။

ငါ့နာမည်လေးရေ... ... ..
သံသရာ အဆက်ဆက် နာဖျားရစ်ခဲ့ရဦးမှာပေါ့ကွယ်..
ဒဏ်ရာတွေဟာ သိပ်ခမ်းနားလှပတဲ့ အခါ
အမှတ်တရ ဆန်သွားတတ်တယ် မဟုတ်လား...
နင်ကလေးရဲ့ စိတ်ကို ငါတကယ်နားလည်နိုင်ဖို့
အမှိုက်ကစပြီး မီးလောင်ရတော့မှာပဲ... ... ..။

အဆုံးတော့ ... ... ... .. .
တိမ်စိုင်တွေလို မျောလွင့်ရတာပဲ..
အခုချိန်ထိ...
မျှော်လင့်ခြင်းကွင်းပြင် ထဲက
မလွတ်မြောက်နိုင်ဘူး.... .... ။

တိုင်တည်ထားတဲ့ အတိုင်း...
ငါ့သီချင်းကိုလည်း မရပ်နိုင်ဘူး.....။ ။

ငါ မယုံဘူး

ဘုရားရေ.............
ဟစ်တလာက မော်ဒန်ပန်းချီဆရာတစ်ယောက် ဖြစ်ချင်ခဲ့တာဆိုပဲ....
နောက် သူသေတဲ့အထိ အရက်နဲ့အသားငါးကို ရှောင်သွားတဲ့ သတ်သတ်လွတ်သမားကြီးတဲ့
မော်ဒန်ပန်းချီဆရာဖြစ်ချင်ခဲ့တဲ့ ဟစ်တလာ ရဲ့ အကောင်းဆုံးလက်ရာ(Masterpiece)ဟာ စကြာတံဆိပ်ပဲဖြစ်ခဲ့တယ်
နောက်...ချီးမွမ်းလက်ခုပ်သံတွေအစား ဂျူးလူမျိုးသန်းပေါင်းများစွာရဲ့ အသက်တွေပဲ သူယူသွားခဲ့ရတယ်
အဲဒီလို.........
ကိုယ်ထင်တဲ့အတိုင်း ဖြစ်မလာတဲ့ လွဲချော်မှု့တွေကိုတွေ့တိုင်း ကျွန်တော်ကတော့ ရယ်မောဖြစ်တယ်။
အဲဒီအကြောင်း သူငယ်ချင်းတစ်ယောက်ကို ပြန်ပြောမိတော့ သူက " ဒါဆို....မင်း တရယ်တည်းရယ်နေမှာပေါ့ " တဲ့။
သံတမန်စကားနဲ့ ပြောရရင် "အင်း...ဖြစ်နိုင်ပါတယ်" (May be) ပေါ့။
ဒါပေမယ့် ကျွန်တော်ယုံကြည်တာ တစ်ခုတော့ ရှိတယ်။
"ငါတို့ဟာ ဖြစ်သင့်ဖြစ်ထိုက်တာတွေရဲ့ ကျေးကျွန်မဟုတ်ဘူး၊
ငါတိုဖြစ်ချင်တာတွေရဲ့ သခင်ပဲ ဖြစ်ရမယ်" ဆိုတာပေါ့။ ပြောရရင် ကိုယ့်ကိုကိုယ် ယုံကြည်မှု့ (Self-confident)
ပေါ့။ ကျွန်တော်ကတော့ အဲဒါကိုပဲ ယုံတယ်။ ခရေ ဆိုတဲ့ အစ်မတစ်ယောက်ကတော့ ယောင်္ကျားတစ်ယောက်ရဲ့ တန်ဖိုးဟာ "တာဝန်သိတတ်မှု့နဲ့ တာဝန်ယူတတ်မှု့ "တဲ့။ သူ့အယူအဆကို မငြင်းနိုင်ပေမယ့် ပတ်ဝန်းကျင်ရဲ့သက်ရောက်မှု့ထဲပါနေလို့ သိပ်တော့လက်မခံချင်ပါဘူး။ ကျွန်တော်တို့
ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းဟာ နိုင်ငံတော်အတွက် အများကြီးကြိုးပမ်းအားထုတ်ခဲ့သူဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။ ဒါပေမယ့် သူ့မိသားစုအပေါ်မှာ အခြားယောင်္ကျားသားတွေလို တာဝန်ကျေခဲ့ပါသလား ဆိုတဲ့မေးခွန်းကိုတော့ သေချာပေါက်မဖြေနိုင်ဖြစ်ရမှာပါ။
နောက်ပြီးသေချာစဉ်းစားပြန်ရင် ပတ်ဝန်းကျင်ဆိုတာ အလကားပါ၊ ပတ်ဝန်းကျင်ဆိုတာ မျက်စိတစ်မှိတ်လေးအတွင်းမှာ ဖြစ်ပျက်တာလေးတစ်ခုအပေါ်မူတည်ပြီး ကောက်ချက်ချတတ်တဲ့ တရားလိုရှေ့နေတဲ့ ...................
တစ်ခါက ကမ္ဘာကျော်လူရွှင်တော် ချာလီချက်ပလင်အတုပြိုင်ပွဲ တစ်ခုလုပ်ကြတယ်။
ဒါကို နောက်ချင်တာနဲ့ ချာလီချက်ပလင်အစစ်ကိုယ်တိုင် သွားပြိုင်ပါတယ်။
ရယ်တော့ ရယ်ရသား...............................
သူ အဲဒီပြိုင်ပွဲမှာ ဒုတိယ ပဲရတယ်။
ချာလီချက်ပလင်အစစ်က ချာလီချက်ပလင်အတုပြိုင်ပွဲမှာ ဒုတိယ ပဲရရှာတယ်...။
အဲဒီကတည်းက........
ကျွန်တော် ပတ်ဝန်းကျင်ကို မယုံတော့ဘူး။